Pages

Monday, 27 April 2015

အရုဏ်ဦး လွတ်လပ်ရေး (၁)

အရုဏ်ဦး လွတ်လပ်ရေး (၁)



(နေသန်မောင်)

နိဒါန်း

မှောင်အတိစိုးမိုးထားသော ညဥ့်၏နက်ရှိုင်းမှု ပြယ်လွင့်တော့မည့် အရိပ်အယောင်ကို မတွေ့ရသေးသော်လည်း ရန်ကုန်မြစ်အတွင်း အသင့် အနေအထား ရှိနေသည့် စစ်သင်္ဘော တစ်စင်းသည် အချိန်တစ်ခုကို စောင့်ဆိုင်းနေသည်။ နာရီလက်တံများ တရွေ့ရွေ့ လှုပ်ရှားနေကြသည်။ အေးမြသော ဆောင်းလေအဝှေ့တွင် စစ်သင်္ဘောမှ အလံတိုင်ပေါ်ထက်ဝယ် ယူနီယံဂျက်အလံသည် တဖျတ်ဖျတ် လွင့်နေသည်။ ဘာမင်ဟမ် စစ်သင်္ဘောအနီးရှိ ဘင်ခရာတပ်ဖွဲ့သည် အဆင်သင့် အနေအထားဖြင့် စောင့်ဆိုင်းနေသည်။ အရုဏ်သည် မကြာမီ ရောက်လာတော့မည်။ နေ့သစ်တစ်ခုကို မကြာမတင် စတင်ရတော့မည်။ ထိုနေ့သည် လွန်စွာအရေးပါသော သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာမည်။

နံနက် ၄ နာရီ မိနစ် ၂၀ တိတိတွင် ဘာမင်ဟမ် စစ်သင်္ဘောပေါ်မှ အမြောက်များ စတင် ပစ်ဖောက်လိုက်သည်နှင့် ဘင်ခရာအဖွဲ့သည် ဗြိတိသျှ အမျိုးသားသီချင်းကို တီးခတ်လေသည်။ ထိုအခါ အလံတိုင်ပေါ်ရှိ ယူနီယံဂျက်အလံသည် တဖြည်းဖြည်း လျှောကျလာသည်။ သင်္ဘောဥသြဆွဲသံများ ရန်ကုန်မြစ်အတွင်း ဆူဝေသွားသည်။ မီးကျည်မီးပန်းများ ဒိန်းခနဲဒိန်းခနဲ ပစ်ဖောက်သံဖြင့် အိပ်မောကျနေသော ရန်ကုန်မြို့သည် ရုတ်ခြည်းနိုးထသွားသည်။ တစ်ချိန်တည်းမှာပင် ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။ ထိုအရုဏ်တက်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံလှသော အခါသမယကြီးတစ်ခု ဖြစ်သွားလေတော့သည်။

ရဲစိုသော အနီရောင်အောက်ခံ၏ အပြာရောင်ထောင့်ချိုးပေါ်မှ ကြယ်ဖြူငါးလုံးပါ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံသည် အမျိုးသားသီချင်းသံ နှင့်အတူ အလံတိုင်ပေါ် တလူလူ လွင့်တက်သွားသည်။ ထိုတစ်ခဏသည် လွတ်လပ်သော ပြည်ထောင်စု နိုင်ငံတော်တစ်ခုကို မွေးဖွားပေးလိုက်လေသည်။ တိုင်းပြုပြည်ပြု လွှတ်တော်ခန်းမရှေ့ အလံတိုင်ပေါ်သို့ နိုင်ငံတော် သစ်တစ်ခု မွေးဖွားလိုက်သည့် အထိမ်းအမှတ်အဖြစ် အမျိုးသားအလံမှာ တဖျတ်ဖျတ်လွင့်နေသည်။

နံနက် ၄ နာရီ မိနစ် ၄၀ တွင် တိုင်းပြုပြည်ပြု လွှတ်တော်ခန်းမ အတွင်းရှိ စုရုံးရောက်ရှိနေသော မင်းပရိသတ်တို့ ရှေ့မှောက် ဂုဏ်ကျက်သရေ မြင့်မားလှသော သမ္မတကြီး စဝ်ရွှေသိုက်သည် ဝန်ကြီးချုပ်သခင်နု၊ ပါလီမန် ယာယီဥက္ကဋ္ဌ ပျော်ဘွယ်ဦးမြ နှင့်အတူ ဝင်ရောက်လာသည်။ သမ္မတကြီး စင်မြင့်ပေါ် နေရာယူပြီးသည့်နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတရာထူးကို လက်ခံယူကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်တွယ်ကာ ကျမ်းကျိန်သစ္စာဆိုသည်။ ထို့နောက် ဝန်ကြီးချုပ်ဦးနုသည် မိန့်ခွန်း စတင်မြွက်ကြားသည်။

“တော်လှန်ရေးဆိုတဲ့ လမ်းစဉ်ကြီးမှာဆိုရင် လွတ်လပ်ရေးအတွက်ဟဲ့ ဆိုပြီး သွေးချောင်းစီးရတဲ့ လူတွေလည်း ဒုနဲ့ဒေးပဲ။ ကိုယ်လက်အင်္ဂါ ပျက်စီးကြရတဲ့ လူတွေလည်း ဒုနဲ့ဒေးပဲ။ အနှိပ်အစက် အမျိုးမျိုးခံကြရတဲ့ လူတွေလည်း ဒုနဲ့ဒေးပဲ။ ထောင်သွင်း အကျဉ်းခံရတဲ့ လူတွေလည်း ဒုနဲ့ဒေးပဲ။ နောက်ဆုံးလွတ်လပ်ရေး ဆိုတဲ့ ယစ်ပလ္လင်မှာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အပေါင်းပါ ဝန်ကြီးများမှာ သွေးနဲ့ ပူဇော်သွားကြရရှာတယ်။ အဲဒီလို ခေတ်အဆက်ဆက်မှာ လွတ်လပ်ရေးအတွက် သေမင်းနဲ့ ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင် တိုက်ခိုက်ပြီး ကျဆုံးသွားကြတဲ့ ကြီးငယ်မဟူ ကျား-မ မရွေး ပုဂ္ဂိုလ်အားလုံးရဲ့ ပယောဂကြောင့် ကျွန်တော်တို့ တတွေဟာ ဒီနေ့ဒီအချိန်ကစပြီး လွတ်လပ်ရေးဆိုတဲ့ ဆုထူးဆုမြတ်ကို ပန်ဆင်နိုင်ကြရတယ်။ ဒီတော့ လွတ်လပ်ရေးဟာ ဒီပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးပဲ။ ဒီနေ့လိုမျိုးမှာဆိုရင် ဒီပုဂ္ဂိုလ်တွေရဲ့ကျေးဇူးကို ကျွန်တော်တို့ မတွေးတော မအောက်မေ့ဘဲ မနေနိုင်ဘူး။ တွေးမိရမှာပဲ။ အောက်မေ့မိရမှာပဲ။ ဒီနေ့မှာဆိုရင် နေဝန်းမထွက်မီ ရောင်နီပေါ်ခါစ ကတည်းက ဒီပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးကြောင့် ဗမာ ပြည်ကြီးဟာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာခဲ့တယ်။ နောင်အနာဂတ် အတွက်မှာဆိုရင် ကျွန်တော်တို့ ဗမာနိုင်ငံသားများဟာ ကျွန်တော်တို့ရဲ့ အလိုဆန္ဒအတိုင်း ကျွန်တော်တို့ရဲ့ နောင်ရေးကို ကျွန်တော်တို့ ပြုပြင်ဖန်တီးသွားနိုင်ပြီ” (မူရင်းသတ်ပုံအတိုင်း)

ကောင်းကင်တွင် ရောင်နီပျိုးလေပြီ။

အချုပ်အခြာအာဏာ လက်လွတ် ဆုံးရှုံးခဲ့ရသည့် ၁၈၈၅ ခုနှစ်မှ စတင်ကာ ဗြိတိသျှ ကိုလိုနီအောက် ကျရောက်ခဲ့ရသည့် အဆိုပါ တိုင်းပြည်သည် ယခုအခါ လွတ်လပ်သော သမ္မတနိုင်ငံတော်သစ် တစ်ခုအဖြစ် ကျက်သရေရှိစွာ ပေါ်ထွန်းလာခဲ့ပြီ။ ထိုကဲ့သို့သော အမျိုးသားရေး ဂုဏ်သရေကို ပြန်လည် အရယူပေးနိုင်ခဲ့သော ပုဂ္ဂိုလ်သည် လွန်ခဲ့သည့် ခြောက်လခန့်၌ လွတ်လပ်ရေးလမ်းပေါ် တိုင်းပြည်ကြီးကို ဆွဲတင်နေစဉ် ကျဆုံးခဲ့သည်။ ထိုပုဂ္ဂိုလ်၏ ကျေးဇူးတရားကို လူတိုင်း အထူးတလည် အောက်မေ့သတိရ နေကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဝန်ကြီးချုပ်သည် ကိုအောင်ဆန်းကြောင့် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ကာ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွင် သခင်နု ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကြောင့် နိုင်ငံရေးထဲသို့ ဝင်ရောက်လာပြီး ဖဆပလ အဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဦးအောင်ဆန်းကြောင့် တိုင်းပြုပြည်ပြု လွှတ်တော်၏ နာယက ဖြစ်လာခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သို့သော် ဝန်ကြီးချုပ် အနား ထိုသူကား မရှိတော့။

(ဆက်လက်ဖော်ပြပါမည်)
Credit To The Voice Weekly

No comments:

Post a Comment