Pages

Monday, 27 April 2015

အရုဏ်ဦး လွတ်လပ်ရေး (၃)

အရုဏ်ဦး လွတ်လပ်ရေး (၃)

(နေသန်မောင်)

မောင်အောင်ဆန်း ကျောင်းနေပြီ

အောင်ဆန်း၏မိသားစုမှာ ဉာဏ်ရည်ကောင်းပြီး ပညာဘက်တွင် ထွန်းပေါက်သူများအဖြစ် နတ်မောက်မြို့တွင် နာမည်ကောင်း ရထားကြသည်။ အောင်ဆန်း၏ အစ်ကိုသုံးဦးဆိုလျှင် အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြသည်။ အောင်ဆန်းမှာမူ အမေတက်မှ တက်မည်ဆိုကာ ကတ်ဖဲ့နေသည်။ ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာလေ့ရှိပြီး သူစိတ်ပါမှ တက်ပါစေတော့ဟု ဆုံးဖြတ်ထားဟန် ရှိသည်။

အစ်ကိုအောင်သန်း ရှင်သာမဏေဘောင်သို့ ဝင်သောအခါ အောင်ဆန်းသည် ကစားဖက်အစ်ကိုရှိရာ ဘုန်းကြီးကျောင်းသို့ နေ့စဉ်လိုက်သွားသည်။ ထို့နောက် ကိုရင်ဝတ်ချင်စိတ် ပေါက်လာပြီး မိခင်ထံခွင့်တောင်းသည်။ ဒေါ်စုက “ကိုရင်ဝတ်တယ်ဆိုတာ စာတတ်မှရတယ်ကွ။ မင်းလို စာမတတ်တဲ့သူက ကိုရင်ဝတ်ချင်လို့ ဘယ်ဖြစ်မလဲ” ဟု ပြောရာ “ဒီလိုလား၊ ဒီလိုဆို ကျောင်းနေမယ်” ဟု ပြောသည်။

အောင်ဆန်း ကျောင်းစတက်သည့် အချိန်မှာ အသက်ရှစ်နှစ်ရှိပြီ ဖြစ်သည်။

ကျောင်းစတက်သည်နှင့် ထူးချွန်သောကျောင်းသား ဖြစ်ကြောင်း ပေါ်လွင်လာသည်။ စာကြိုးစားပြီး စည်းကမ်းရိုသေသဖြင့် အတန်းထဲတွင် ထိပ်ဆုံးမှ အမြဲရှိနေခဲ့သည်။ အောင်ဆန်းတက်သော ကျောင်းမှာ နတ်မောက်မြို့ ဆရာတော်ဦးသောဘိတ၏ ဒီပင်္ကရာဘုန်းကြီးကျောင်း ဖြစ်သည်။ ထိုကျောင်းတွင် လောကုတ္တရာပညာရပ်သာမက ခေတ်သစ် လောကီပညာရပ်များကိုပါ သင်ကြားပေးသော ထိုခေတ်အခေါ် လောကဓာတ်ကျောင်းမျိုး ဖြစ်သည်။ ထိုစဉ်က နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်း မရှိပေ။

ဆရာတော် ဦးသောဘိတ၏ ကျောင်းတွင် စာသင်ရပြီး တစ်နေ့တွင် ဥပုသ်နေ့ ဖြစ်သောကြောင့် ကျောင်းပိတ်ထားသည်။ ကျောင်းသား အများစုမှာ ကျောင်းသို့သွားကာ ရေခပ်၊ မြက်နုတ် စသည့်အလုပ်များကို လုပ်ရသည်။ အောင်ဆန်းကိုယ်တိုင် ထိုကျောင်းနေစဉ်က အဖြစ် အပျက်တစ်ခုကို ပြန်ပြောင်း ပြောဆိုခဲ့ဖူးသည်။

တစ်ခုသောနေ့ခင်းတွင် ကျောင်းသားများ အလုပ်မရှိ၍ အလုပ်မရှိရင် အိပ်နေကြ၊ မကစားကြနဲ့ဟု ဘုန်းကြီးက အမိန့်ရှိလေသည်။ အားလုံးသော ကျောင်းသားများအား မအိပ်ချင်ဘူးလားဟု မေးသောအခါ မအိပ်ချင်ကြသော်လည်း ဘုန်းတော်ကြီး စိတ်ကြိုက်လိုက်ပြီး အိပ်ချင်ကြသည်ဟု ဘုန်းကြီးအလိုကျ လျှောက်ကြသည်။ ကျွန်တော့်အား ဘုန်းကြီးက “အောင်ဆန်းကော ... မအိပ်ချင်ဘူးလား” ဟု အထူးတလည်မေး၏။ ကျွန်တော်က “မအိပ်ချင်ပါဘုရား” ဟု ပြန်လျှောက်ရာ ဘုန်းတော်ကြီးမှာ ပြုံး၍ နေလေသည်။

အသက်ရှစ်နှစ်အထိ ကျောင်းမလိုက်လို သော်လည်း ပညာသင်ရန် ဆုံးဖြတ်လိုက်သည့်အခါ အောင်ဆန်းသည် အခြားကျောင်းသားများထက် ပို၍ထူးချွန်ကြောင်း ပြသနိုင်ခဲ့သည်။ ၂ နှစ်ခန့် ကျောင်းတက် နောက်ကျသော်လည်း ပုံမှန် ၁၄ နှစ်တွင်တက်ရမည့် ခြောက်တန်းသို့ အောင်ဆန်းသည် ကျော်လွှား တက်ရောက်နိုင်ခဲ့သည်။ ထိုစဉ်က မြန်မာပြည်တွင် မြန်မာဘာသာဖြင့် သင်ကြားသော ဘုန်းကြီးကျောင်းသင် ပညာရေး၊ အင်္ဂလိပ်- မြန်မာနှစ်ဘာသာဖြင့် သင်ကြားသော ကျောင်းပညာရေးနှင့် အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားသော ပညာရေးဟူ၍ သုံးမျိုးရှိရာ နတ်မောက်မြို့၌ အင်္ဂလိပ်ဘာသာဖြင့် သင်သောကျောင်း မရှိပေ။

ကျောင်းပိတ်ရက် ကာလများ၌ နတ်မောက်သို့ ပြန်လာလေ့ရှိသော အောင်ဆန်း၏အစ်ကို ကိုဘဝင်းသည် အင်္ဂလိပ်လို ပြောဆိုသည်ကို အောင်ဆန်းတွေ့ရသည်။ နတ်မောက်၌ ပညာဆက်သင်ပါက အင်္ဂလိပ်စာမတတ်နိုင်ဟု သူသိထားသည်။ သူ ၁၃ နှစ်ပြည့်သောအခါ ခြောက်တန်းအောင်သဖြင့် အစ်ကိုကြီး ကိုဘဝင်းရှိရာ ရေနံချောင်း နေရှင်နယ်ကျောင်းသို့ ပို့ပေးရန် ပူဆာလေသည်။

မိဘများနှင့် ညီအစ်ကိုမောင်နှမများက သူ့အားကလေးဟုသာ ယူဆထားရကား တစ်နယ်တစ်ကျေး၌ ခွဲထားရန် အလွန်ဝန်လေးကြသည်။ ထိုအရွယ်ထိ အောင်ဆန်းမှာ အိပ်ရာထဲညစဉ် သေးပါလေ့ ရှိသေးသည်။ ဒေါ်စုသည် အချစ်ဆုံးသားလေးကို မခွဲနိုင်ဖြစ်ပြီး “ငယ်ပါသေးတယ်။ နည်းနည်း စောင့်ပါဦး” ဟုပြောကာ အချိန်ဆွဲနေသည်။ ရေနံချောင်း မပို့ပါက ထမင်းမစားဘူး ဟုဆိုကာ အောင်ဆန်းသည် အစာငတ်ခံ ဆန္ဒပြလေသည်။ ဒေါ်စုသည် ခေါင်းမာလှသော သူမ၏ အချစ်ဆုံး သားထွေးလေးကို သားကြီး မောင်ဘဝင်းရှိရာ ရေနံချောင်းသို့ ကျောင်းတက်ရန် နောက်ဆုံး၌ ခွင့်ပြုခဲ့သည်။

၁၉၂၈ တွင် အောင်ဆန်းသည် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်း၏ ကျောင်းသား ဖြစ်လာသည်။ အတန်းတိုင်း၌ ပထမရသည်။ အမျိုးသားကျောင်းများသည် ၁၉၂၀ ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်ရေး ပထမကျောင်းသားသပိတ်မှ ထွက်ပေါ်လာသော ကျောင်းများ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေအရ အခွင့်ထူးခံ လူအနည်းငယ်သာ တက္ကသိုလ်ပညာ ဆည်းပူးနိုင်ရန် ဗြိတိသျှတို့က ရည်ရွယ်ခဲ့သည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်များအား မြန်မာနိုင်ငံ၏ ကိုလိုနီလက်အောက်ခံဘဝ အခြေအနေကို နိုင်ငံရေး အသိတရားအရ နားလည်စေပြီး ကျွန်ဘဝမှ လွတ်မြောက်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ကျိုချက်ပေးလိုက်သော နေရာများ ဖြစ်သည်။

မိမိနိုင်ငံကို လူမျိုးခြားတို့ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသော ဆန္ဒသည် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ မတက်ရောက်မီ ကာလကပင် အောင်ဆန်း၏ စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရသည်။ ကလေးဘဝက ဗြိတိသျှတို့ကို ပုန်ကန် မောင်းထုတ်ရန် အကြိမ်ကြိမ် စဉ်းစားခဲ့ပုံ၊ တစ်ခါတစ်ရံ ပြဒါးရှင်လုံးကဲ့သို့ တန်ခိုးသိဒ္ဓိရှိသော ပစ္စည်းများ၏ အကူအညီဖြင့် မြန်မာပြည် လွတ်မြောက်အောင် စိတ်ကူးယဉ်ခဲ့ပုံအကြောင်း သူ၏ကိုယ်ရေး အတ္ထုပ္ပတ္တိ ဆောင်းပါး၌ ရေးသားခဲ့သည်။

အမျိုးသား အထက်တန်းကျောင်း၌ ကျောင်းတက်ရသော အောင်ဆန်းအဖို့ အမျိုးသားရေး စိတ်ဓာတ်များနှင့် နိုင်ငံရေးအမြင်ကို အမြစ်တွယ် ကြီးထွားလာစေသည်။ ၁၉၃၀ ပြည့်နှစ်တွင် ခုနစ်တန်း အောင်မြင်ခဲ့ပြီး စကောလားရှစ် ရရှိခဲ့သည်။ ပညာထူးချွန်မှုကြောင့် တစ်လလျှင် အစိုးရ၏ ပညာသင်ထောက်ပံ့ကြေး ၁၀ ကျပ်ကို လစဉ်အဖြစ် သုံးနှစ်တိတိ ရရှိသည်။ ရှစ်တန်း၊ ကိုးတန်းနှင့် ၁၀ တန်းအတွက် ပညာသင် ထောက်ပံ့ကြေး ရရှိသည်။ မြန်မာတစ်ပြည်လုံးတွင် လေးဦးသာ ရရှိသော ဦးရွှေခိုဆုလည်း ရရှိသည်။ အစိုးရက ကြီးမှူးကျင်းပသော ၁၀ တန်းစာမေးပွဲတွင် မြန်မာနှင့်ပါဠိ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ရလဒ်အနေနှင့် ကောလိပ်ပထမနှစ် အတွက် ပညာသင်ထောက်ပံ့ကြေး ဆက်လက်ရရှိလေသည်။

အထက်တန်း ကျောင်းသားဘဝတွင် အောင်ဆန်း အဓိက စိတ်ဝင်စားသော ဘာသာရပ်မှာ သမိုင်းနှင့်စာပေတို့ ဖြစ်သည်။ ထိုဘာသာရပ်များကို အထူးလေ့လာ လိုက်စားခဲ့သည်။

အောင်ဆန်းသည် အနေအထိုင် ရိုးသားပြီး ဆန့်ကျင်ဘက် မိန်းမကိစ္စနှင့် ပတ်သက်လာလျှင် အင်မတန် အရှက်အကြောက် ကြီးသူဖြစ်သည်။ ခုနစ်တန်းကျောင်းသားဘဝက ရေနံချောင်း၌ စာမေးပွဲ ဖြေဆိုရန် အသိ မိတ်ဆွေတစ်ယောက်၏ အိမ်တွင် တည်းခိုနေထိုင်ခဲ့ရာ ထိုအိမ်၌ အရွယ်ရောက်စ မိန်းကလေးများ ရှိသဖြင့် အပေါ့အပါးသွားရန် ရှက်လွန်း၊ ကြောက်လွန်းသဖြင့် အကြိမ်ကြိမ် အောင့်ထားခဲ့ရသည်။ ထို့ကြောင့် အိပ်ရာထဲ သေးပါခဲ့ကြောင်း သူကိုယ်တိုင် ဝန်ခံခဲ့သည်။

နတ်မောက်၌ နေထိုင်စဉ်ကလည်း သူ့အကြောင်းသိသည့် အိမ်နီးချင်းများက မကြာခဏ စလေ့ရှိသည်။ မြေတိုင်းစာရေး ကတော်တစ်ယောက်က အောင်ဆန်းအား “ငါ့သမီး ယူမလား” ဟု မေးရာ အလွန်စိတ်ဆိုးပြီး တုတ်ဆွဲ၊ ဓားဆွဲ လုပ်တတ်သည်။

(ဆက်လက်ဖော်ပြပါမည်)
Credit To The Voice Weekly

အရုဏ်ဦး လွတ်လပ်ရေး (၂)

အရုဏ်ဦး လွတ်လပ်ရေး (၂)

(နေသန်မောင်)

အောင်ဆန်း၏ ငယ်စဉ်ကာလများ

မြန်မာနိုင်ငံတစ်ခုလုံးကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် နှစ်ပေါင်း ၃၀ အကြာ မြန်မာ့နိုင်ငံရေး ခေတ်သစ်သမိုင်း၌ အရေးပါအရာရောက်မည့် သူတစ်ဦးကို အပူပိုင်းဒေသ အလယ်ပိုင်းအရပ်တွင် မွေးဖွားခဲ့လေသည်။ မကွေးတိုင်း နတ်မောက်မြို့ငယ်လေးတွင် လယ်သမားမျိုးရိုးမှ ဆင်းသက်လာသူ ဦးဖာနှင့် ပဒေသရာဇ်မျိုးရိုးမှ ဆင်းသက်လာသူ ဒေါ်စုတို့ အောင်ဆန်းကို ၁၉၁၅၊ ဖေဖော်ဝါရီ ၁၃ တွင် မွေးဖွားခဲ့သည်။ ဦးဖာသည် လယ်သမားမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သော်လည်း လယ်သမားလုပ်ငန်းကို တတ်ကျွမ်းသူတစ်ဦး မဟုတ်ခဲ့ပေ။ ဦးဖာသည် နတ်မောက်မြို့ ဒီပင်္ကရာ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြား၍ ရှေ့နေစာမေးပွဲ ဖြေဆိုပြီးနောက် ရှေ့နေတစ်ယောက် ဖြစ်လာခဲ့သည်။ ရှေ့နေတစ်ဦး ဆိုသော်လည်း အနေအထိုင် အင်မတန်ရိုးပြီး လောကီရေးရာတွင် လိမ္မာပါးနပ်မှုမရှိ၊ စကားအလွန်နည်းသူဟု သတ်မှတ်ခြင်းခံရသူ ဖြစ်သည်။

မိခင်ဒေါ်စုမှာ ထက်မြက်လှသော မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး အိမ်ထောင့်စီးပွားကို ဦးစီးဦးဆောင်ပြု စီမံခန့်ခွဲရသူ ဖြစ်သည်။ ဘုန်းတော်ကြီး ကျောင်းများတွင် အမျိုးသမီးများ စာသင်ကြားခွင့် မရှိသဖြင့် ဒေါ်စုသည် အတန်းပညာ မတတ်ခဲ့သော်လည်း နှလုံးရည်၊ လက်ရုံးရည်ထက်သော ပဒေသရာဇ်အနွယ်မှ ဆင်းလာသူ ဖြစ်သောကြောင့် ထက်မြက်သည်။ မြန်မာ နိုင်ငံကို ကျွန်ပြုခဲ့သည့် ဗြိတိသျှတို့အား ကနဦးပုန်ကန်ခဲ့သူ မျိုးချစ်များအနက် ဒေါ်စု၏ ဦးလေးတော်စပ်သူ ဗိုလ်မင်းရောင်မှာ ထင်ရှားသည်။

အောင်ဆန်းသည် မွေးချင်းများအနက် ကိုးယောက်မြောက် အငယ်ဆုံးသားဖြစ်ပြီး စတုတ္ထသမီးနှင့် သတ္တမသားတစ်ဦးတို့ ငယ်စဉ်ကတည်းက ကွယ်လွန်ခဲ့သဖြင့် ခုနစ်ဦးအနက် အငယ်ဆုံးသား ဖြစ်သည်။ အောင်ဆန်း၏ မွေးချင်းများမှာ -
၁။ မခင်ညွန့် (၁၉၄၆ ခုနှစ် အသက် ၅၀ တွင် ကွယ်လွန်)
၂။ မဝက် (အပျိုကြီးအဖြစ် ၁၉၅၆ ခုနှစ်တွင် ကွယ်လွန်)
၃။ ကိုဘဝင်း (ဦးအောင်ဆန်းနှင့်အတူ ၁၉၄၇ ခုနှစ်တွင် လုပ်ကြံခံရ)
၎။ မရွှေမှန် (၁၃ နှစ်သမီးအရွယ်တွင် ကွယ်လွန်)
၅။ ကိုနေအောင်
၆။ ကိုညိုမောင်
၇။ ကလေးအရွယ်တွင် ကွယ်လွန်
၈။ အောင်သန်း
၉။ အောင်ဆန်းတို့ ဖြစ်သည်။

အောင်ဆန်း၏ ဇာတာအမည်မှာ ထိန်လင်းဖြစ်သည်။ သူ၏ ဇာတာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
“မင်္ဂလာအညီ ရာသီလနှစ် သက္ကရာဇ်ကား ၁၂၇၆ ခု ဒီဃ ၄၇၈ ရဿ သူရိယ မာသ ကုမ်ရာသီ ဝေါဟာ သမယ တပေါင်းလ္ဆန်း ၁ ရက် စနေနေ့သို့အဝင် နံက် ၄ ချက် မတီးမှီ အချိန်တွင် ရတနာသုံးပါး ဦးထိတ္ထားလျက် သတို့သားကို မာတာမိခင် ဖွားသန့်စင်က ချမ်းသာရသည့် အဖဦးဖါ အမိမစု သားမောင်ထိန်လင်းဟူသည် ဇာတာအသက် ၁၂၀ ရှည်စေသော်ဝ်” (မူရင်းသတ်ပုံအတိုင်း)

ကလေးတစ်ဦး မွေးဖွားသည့်အခါ အမည်ပေးခြင်းနှင့် ဇာတာဖွဲ့ခြင်းသည် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက် အရေးကြီးသော လုပ်ဆောင်ချက် ဖြစ်သည်။ မွေးဖွားသည့် ရက်၊ လ၊ ခုနှစ်နှင့် အချိန်အတိအကျတို့ကို နက္ခတ်ပညာရှင်များက စနစ်တကျ တွက်ချက်ပြီး ဇာတာအမည် ဖွဲ့သည်။ သို့သော် ဇာတာအမည်မှာ တရားဝင်အမည် မဟုတ်ပေ။ မြန်မာတို့၏ ဓလေ့ထုံးတမ်းအရ ဇာတာအမည်သည် မွေးဖွားသူ၏ နေ့နံအတိုင်း တွက်ချက်ပြီး မှည့်ခေါ်ရသော ကိစ္စတစ်ရပ် ဖြစ်သည်။ အောင်ဆန်းသည် စနေနေ့တွင် မွေးဖွားသောကြောင့် ဇာတာအမည်အဖြစ် ထိန်လင်းဟု ပေးခြင်းဖြစ်သော်လည်း သူ၏တရားဝင် အမည်မှာ အောင်ဆန်း ဖြစ်သည်။ အောင်ဆန်းနှင့် ထိန်လင်းဆိုသော အမည်နှစ်ခုနှင့် ပတ်သက်ပြီး အစ်ကိုဖြစ်သူ ဦးအောင်သန်းက အောက်ပါအတိုင်း ရေးသားခဲ့သည်။

ထိန်လင်းဆိုသည်မှာ ဇာတာတွင်ပါသည့် အမည်မျှသာ ဖြစ်သည်။ တရားဝင်အမည်လည်း မဟုတ်၊ ငယ်နာမည်လည်း မဟုတ်ပေ။ သူ့အား မည်သူမျှ ထိန်လင်းဟု မခေါ်ခဲ့ကြပေ။ အောင်ဆန်းဟူသော အမည်မှာ ကျွန်တော်ပေးသော အမည်ဖြစ်သည်။ ကျွန်တော်က အာသွက်လျှာသွက်ဖြင့် “ကျုပ် အောင်သန်းဆို သူအောင်ဆန်းပေါ့ဗျာ” ဟု ပြောလိုက်ရာ အောင်ဆန်း တွင်နေသည်။

အောင်ဆန်းသည် ငယ်စဉ်ကတည်းက အင်မတန်ချူချာသော ကလေးတစ်ယောက်ဖြစ်ပြီး သုံးနှစ်သားအထိ စကားမပြောသဖြင့် ဆွံ့အနေမလားဟု မိသားစုက စိုးရိမ်ခဲ့သည်။ မကြာခဏ ဆိုသလို နာမကျန်းခြင်းနှင့် ခန္ဓာကိုယ်အနှံ့ အရေပြားရောဂါများ ဖြစ်သည်ဟု အောင်ဆန်းကိုယ်တိုင် ပြောပြဖူးသည်။ ညီအစ်ကိုမောင်နှမ များအနက် အထွေးဆုံးသား အောင်ဆန်းသည် သူကိုယ်တိုင် ရေးသားခဲ့သည့် မှတ်တမ်းများအရ ညစ်ပတ်ချူချာပြီး အစားကြီးသူ၊ နှစ်လိုဖွယ် လုံးဝမရှိသောသူဟု ဖော်ပြသော်လည်း ပရိယာယ် မရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ ကြင်နာသနားတတ်ခြင်း စသည့် ချစ်စဖွယ် စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု အောင်ဆန်းကို ငယ်စဉ်ဘဝ ကတည်းက သိသူများနှင့် မိသားစုဝင်များက ကောက်ချက်ချကြပါသည်။

စကားပြောသော အရွယ်သို့ ရောက်သောအခါ အောင်ဆန်းသည် အရာရာကို စူးစမ်းတတ်သော ဉာဉ်ရှိသူ ဖြစ်လာသည်။ လူကြီးများ မဖြေနိုင်သော မေးခွန်းများကို မေးလေ့ရှိသည်။ မိုးတွင်း၊ ဆောင်းတွင်းဟု ပြောကြသော်လည်း အဘယ့်ကြောင့် နွေတွင်း မရှိသလဲ။ ညီအစ်ကို တစ်ဝမ်းကွဲ၊ မောင်နှမတစ်ဝမ်းကွဲ ရှိသော်လည်း အဘယ့်ကြောင့် လင်မယား တစ်ဝမ်းကွဲ မရှိသလဲ ဆိုသည့် မေးခွန်းများကို လူကြီးများက မဖြေနိုင်ခဲ့ပေ။

အောင်ဆန်းသည် အင်မတန်ရိုးလွန်း၊ အလွန်းသော ကလေးငယ်ဖြစ်ပြီး အရိပ်အကဲကို နားမလည်သူ တစ်ယောက်ဖြစ်သည်။ ဒေါ်စုသည် သူမ၏ အထွေးဆုံးသားကို အင်မတန်ချစ်သည်။ အငယ်ဆုံးဖြစ်သဖြင့် အလိုလိုက်ခြင်းကို ခံရသည်။ အောင်ဆန်းကို မွေးသည့်အချိန် နို့ညှာသား အောင်သန်းမှာ ကျောင်းနေသည့် အရွယ်ရောက်နေရာ အောင်ဆန်းမှာ အိမ်၏ဆည်းလည်းလေး ဖြစ်လာသည်။ သားသမီးများ ငါးနှစ်အရွယ်တွင် ကျောင်းစနေရသော်လည်း အောင်ဆန်းကမူ ကျောင်းမတက်လိုဘဲ ငြင်းဆန်သည်။ “အစ်မနေမှ နေမယ်” ဟု ပြောရာ ဒေါ်စုမှာ သားထွေးလေးကို အလိုလိုက်ပြီး ဇွတ်အတင်း ကျောင်းမထားရက် ဖြစ်နေသည်။

အောင်ဆန်းသည် အစ်ကိုအောင်သန်းနှင့် ငယ်စဉ်က တကျက်ကျက် ရန်ဖြစ်လေ့ရှိသည်။ ဦးအောင်သန်း၏ မှတ်တမ်းများတွင် ...“ကျွန်တော်သည် သူ့ကို မကြာခဏ စလေ့ရှိသည်။ ငါက မင်း အရင် ထမင်းစားရတာပါကွာ” ဟု ပြောလျှင် သူအလွန်စိတ်ဆိုးသည်။ မိခင်ကြီးက “ဒါ စိတ်ဆိုးစရာလား၊ သူက အရင်မွေးတော့ ထမင်းအရင် စားရတာပေါ့၊ ဘာဖြစ်သလဲ” ဟု ပြောသည်ကိုပင် လက်မခံ။ ကျွန်တော်ကလည်း သူမကြိုက်မှန်းသိ၍ ခဏခဏပြောသည်။ ခဏခဏ ရန်ဖြစ်ရသည်။ ရန်ဖြစ်ပြီးလျှင် မခေါ်ဘူးဟုပြောကာ ကျွန်တော်တို့ စိတ်ကောက်နေကြသည်။ အောင်ဆန်းသည် ကြာရှည်မနေနိုင်၊ လိုက်ခေါ်တော့သည်” ဟု ဖော်ပြထားသည်။

အောင်ဆန်းသည် အလွန်စပ်စုသော ကလေးမျိုးထဲတွင် ပါဝင်သည်။ ငယ်စဉ်က အိမ်အနားရှိ ကာကာဆိုင်သို့ သွားကာ ဘီလီဆေးလိပ်များကို ဝယ်ကာအထဲတွင် ဘာများပါသနည်းကို သိလိုပြီး ချိုးကြည့်သည်။ ဒေါ်စု သိသောအခါ အောင်ဆန်းလက်ကိုဆွဲ၊ ကာကာဆိုင်သွားပြီး ကလေးကို ဆေးလိပ်ရောင်းသော ကာကာကုလားကို ဆူပူမာန်မဲသည်။ ကာကာကုလားသည် အောင်ဆန်းကိုကြည့်ပြီး “နောက်တစ်ခါလာရင် ဘမ်ဘူး ပေးမယ်” ဟု ပြောလိုက်သည်။ ဘမ်ဘူးပေးသည် ဆိုသည်မှာ ရိုက်မည် ဖြစ်ကြောင်း ဒေါ်စုပြောသဖြင့် သိရသောအခါ အောင်ဆန်းသည် ကာကာဆိုင်သို့ မသွားတော့ပေ။

မိခင်၏ အလိုလိုက်ခြင်းကို ခံရသည့် အောင်ဆန်းသည် နေမကောင်းဖြစ်၍ ဆေးသောက်ရသောအခါ ငွေပေးမှ သောက်မည်ဆိုသဖြင့် ဒေါ်စုမှာ ငွေပေးပြီး ဆေးတိုက်ရသည်။ ထို့ကြောင့် အောင်ဆန်း၌ ငွေဒင်္ဂါးလေး၊ ငါးဆယ်ခန့် ရှိတတ်သည်။ ကာကာဆိုင် မသွားရဲသဖြင့် လိုသမျှကို အစ်ကို အောင်သန်းက ဝယ်ပေးသည်။ တစ်နေ့ ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်သောအခါ အောင်ဆန်းက သူ့ငွေကိုပေးရန် ပြန်တောင်းသည်။ မိခင်ဒေါ်စုက “နင်ဘာဖြစ်လို့ အစကပေးသလဲ” ဟု မေးရာ “အိုး။ သူက ညီအစ်ကိုချင်းပဲကွာ ဘာညာနဲ့ ချော့တောင်းတာကိုးဗျ” ဟု ပြောသဖြင့် ရယ်ကြရသည်။

အောင်ဆန်းသည် ငယ်စဉ်ကလေးဘဝ အရွယ်ကတည်းက ဖြောင့်မတ်သူဖြစ်ပြီး လိမ်ညာမပြောတတ်၊ မှန်သည့်အတိုင်းသာ ပြောတတ်ကြောင်း မိခင်ဖြစ်သူ ဒေါ်စု ဥပမာတစ်ခုပေးကာ ဆိုဖူးသည်။

“တစ်နေ့၌ အောင်ဆန်းသည် အိမ်အောက်ထပ်တွင် တစ်ယောက်တည်း ကစားရင်း သူ၏အစ်မတစ်ဦး ရက်လုပ်ထားသော ရက်ကန်းစင်မှာ ပိုးရောချည်ပါ လုံချည်စကို ချည်ဖြတ်သော ဓားငယ်ကလေးဖြင့် ထိုးဖောက်ကစားပစ်၏။ ရက်ပြီးသားချည်စမှာ အသုံးပြု မရလောက်အောင် ဓားဖောက်ရာ ဗလပွနှင့် ပျက်စီးသွား၏။ အမေစု သိသောအခါ စိတ်ဆိုးပြီး ဘယ်သူလုပ်သွားသည်ကို ဟိုလူမေး၊ ဒီလူမေးနှင့် လူစုံအောင် မေး၏။ လက်သည်ကို ရှာမတွေ့။ တစ်နေရာတွင် တစ်ယောက်တည်း ကစားနေသော အောင်ဆန်းကို မသင်္ကာ၍ ခေါ်ရိုက်၏။ ကြောက်ပါပြီ ဟုလည်းမပြော၊ ဘာမျှပြန်မပြောချေ။ အမေစုက “အောင်ဆန်း။ ဒါ မင်းလုပ်တာလား” ဟု မေးသောအခါ “ဟုတ်တယ်” ဟု ဝန်ခံ၏။ အောင်ဆန်းသည် အရိုက်ခံရမည်ကို သိလျက်နှင့် လိမ်ညာ မပြောတတ်ခြင်းကို သဘောကျလှသဖြင့် ဆက်မရိုက်တော့ပေ။
Credit To The Voice Weekly

(ဆက်လက်ဖော်ပြပါမည်)

အရုဏ်ဦး လွတ်လပ်ရေး (၁)

အရုဏ်ဦး လွတ်လပ်ရေး (၁)



(နေသန်မောင်)

နိဒါန်း

မှောင်အတိစိုးမိုးထားသော ညဥ့်၏နက်ရှိုင်းမှု ပြယ်လွင့်တော့မည့် အရိပ်အယောင်ကို မတွေ့ရသေးသော်လည်း ရန်ကုန်မြစ်အတွင်း အသင့် အနေအထား ရှိနေသည့် စစ်သင်္ဘော တစ်စင်းသည် အချိန်တစ်ခုကို စောင့်ဆိုင်းနေသည်။ နာရီလက်တံများ တရွေ့ရွေ့ လှုပ်ရှားနေကြသည်။ အေးမြသော ဆောင်းလေအဝှေ့တွင် စစ်သင်္ဘောမှ အလံတိုင်ပေါ်ထက်ဝယ် ယူနီယံဂျက်အလံသည် တဖျတ်ဖျတ် လွင့်နေသည်။ ဘာမင်ဟမ် စစ်သင်္ဘောအနီးရှိ ဘင်ခရာတပ်ဖွဲ့သည် အဆင်သင့် အနေအထားဖြင့် စောင့်ဆိုင်းနေသည်။ အရုဏ်သည် မကြာမီ ရောက်လာတော့မည်။ နေ့သစ်တစ်ခုကို မကြာမတင် စတင်ရတော့မည်။ ထိုနေ့သည် လွန်စွာအရေးပါသော သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာမည်။

နံနက် ၄ နာရီ မိနစ် ၂၀ တိတိတွင် ဘာမင်ဟမ် စစ်သင်္ဘောပေါ်မှ အမြောက်များ စတင် ပစ်ဖောက်လိုက်သည်နှင့် ဘင်ခရာအဖွဲ့သည် ဗြိတိသျှ အမျိုးသားသီချင်းကို တီးခတ်လေသည်။ ထိုအခါ အလံတိုင်ပေါ်ရှိ ယူနီယံဂျက်အလံသည် တဖြည်းဖြည်း လျှောကျလာသည်။ သင်္ဘောဥသြဆွဲသံများ ရန်ကုန်မြစ်အတွင်း ဆူဝေသွားသည်။ မီးကျည်မီးပန်းများ ဒိန်းခနဲဒိန်းခနဲ ပစ်ဖောက်သံဖြင့် အိပ်မောကျနေသော ရန်ကုန်မြို့သည် ရုတ်ခြည်းနိုးထသွားသည်။ တစ်ချိန်တည်းမှာပင် ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။ ထိုအရုဏ်တက်သည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံလှသော အခါသမယကြီးတစ်ခု ဖြစ်သွားလေတော့သည်။

ရဲစိုသော အနီရောင်အောက်ခံ၏ အပြာရောင်ထောင့်ချိုးပေါ်မှ ကြယ်ဖြူငါးလုံးပါ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံသည် အမျိုးသားသီချင်းသံ နှင့်အတူ အလံတိုင်ပေါ် တလူလူ လွင့်တက်သွားသည်။ ထိုတစ်ခဏသည် လွတ်လပ်သော ပြည်ထောင်စု နိုင်ငံတော်တစ်ခုကို မွေးဖွားပေးလိုက်လေသည်။ တိုင်းပြုပြည်ပြု လွှတ်တော်ခန်းမရှေ့ အလံတိုင်ပေါ်သို့ နိုင်ငံတော် သစ်တစ်ခု မွေးဖွားလိုက်သည့် အထိမ်းအမှတ်အဖြစ် အမျိုးသားအလံမှာ တဖျတ်ဖျတ်လွင့်နေသည်။

နံနက် ၄ နာရီ မိနစ် ၄၀ တွင် တိုင်းပြုပြည်ပြု လွှတ်တော်ခန်းမ အတွင်းရှိ စုရုံးရောက်ရှိနေသော မင်းပရိသတ်တို့ ရှေ့မှောက် ဂုဏ်ကျက်သရေ မြင့်မားလှသော သမ္မတကြီး စဝ်ရွှေသိုက်သည် ဝန်ကြီးချုပ်သခင်နု၊ ပါလီမန် ယာယီဥက္ကဋ္ဌ ပျော်ဘွယ်ဦးမြ နှင့်အတူ ဝင်ရောက်လာသည်။ သမ္မတကြီး စင်မြင့်ပေါ် နေရာယူပြီးသည့်နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတရာထူးကို လက်ခံယူကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်တွယ်ကာ ကျမ်းကျိန်သစ္စာဆိုသည်။ ထို့နောက် ဝန်ကြီးချုပ်ဦးနုသည် မိန့်ခွန်း စတင်မြွက်ကြားသည်။

“တော်လှန်ရေးဆိုတဲ့ လမ်းစဉ်ကြီးမှာဆိုရင် လွတ်လပ်ရေးအတွက်ဟဲ့ ဆိုပြီး သွေးချောင်းစီးရတဲ့ လူတွေလည်း ဒုနဲ့ဒေးပဲ။ ကိုယ်လက်အင်္ဂါ ပျက်စီးကြရတဲ့ လူတွေလည်း ဒုနဲ့ဒေးပဲ။ အနှိပ်အစက် အမျိုးမျိုးခံကြရတဲ့ လူတွေလည်း ဒုနဲ့ဒေးပဲ။ ထောင်သွင်း အကျဉ်းခံရတဲ့ လူတွေလည်း ဒုနဲ့ဒေးပဲ။ နောက်ဆုံးလွတ်လပ်ရေး ဆိုတဲ့ ယစ်ပလ္လင်မှာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အပေါင်းပါ ဝန်ကြီးများမှာ သွေးနဲ့ ပူဇော်သွားကြရရှာတယ်။ အဲဒီလို ခေတ်အဆက်ဆက်မှာ လွတ်လပ်ရေးအတွက် သေမင်းနဲ့ ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင် တိုက်ခိုက်ပြီး ကျဆုံးသွားကြတဲ့ ကြီးငယ်မဟူ ကျား-မ မရွေး ပုဂ္ဂိုလ်အားလုံးရဲ့ ပယောဂကြောင့် ကျွန်တော်တို့ တတွေဟာ ဒီနေ့ဒီအချိန်ကစပြီး လွတ်လပ်ရေးဆိုတဲ့ ဆုထူးဆုမြတ်ကို ပန်ဆင်နိုင်ကြရတယ်။ ဒီတော့ လွတ်လပ်ရေးဟာ ဒီပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးပဲ။ ဒီနေ့လိုမျိုးမှာဆိုရင် ဒီပုဂ္ဂိုလ်တွေရဲ့ကျေးဇူးကို ကျွန်တော်တို့ မတွေးတော မအောက်မေ့ဘဲ မနေနိုင်ဘူး။ တွေးမိရမှာပဲ။ အောက်မေ့မိရမှာပဲ။ ဒီနေ့မှာဆိုရင် နေဝန်းမထွက်မီ ရောင်နီပေါ်ခါစ ကတည်းက ဒီပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးကြောင့် ဗမာ ပြည်ကြီးဟာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာခဲ့တယ်။ နောင်အနာဂတ် အတွက်မှာဆိုရင် ကျွန်တော်တို့ ဗမာနိုင်ငံသားများဟာ ကျွန်တော်တို့ရဲ့ အလိုဆန္ဒအတိုင်း ကျွန်တော်တို့ရဲ့ နောင်ရေးကို ကျွန်တော်တို့ ပြုပြင်ဖန်တီးသွားနိုင်ပြီ” (မူရင်းသတ်ပုံအတိုင်း)

ကောင်းကင်တွင် ရောင်နီပျိုးလေပြီ။

အချုပ်အခြာအာဏာ လက်လွတ် ဆုံးရှုံးခဲ့ရသည့် ၁၈၈၅ ခုနှစ်မှ စတင်ကာ ဗြိတိသျှ ကိုလိုနီအောက် ကျရောက်ခဲ့ရသည့် အဆိုပါ တိုင်းပြည်သည် ယခုအခါ လွတ်လပ်သော သမ္မတနိုင်ငံတော်သစ် တစ်ခုအဖြစ် ကျက်သရေရှိစွာ ပေါ်ထွန်းလာခဲ့ပြီ။ ထိုကဲ့သို့သော အမျိုးသားရေး ဂုဏ်သရေကို ပြန်လည် အရယူပေးနိုင်ခဲ့သော ပုဂ္ဂိုလ်သည် လွန်ခဲ့သည့် ခြောက်လခန့်၌ လွတ်လပ်ရေးလမ်းပေါ် တိုင်းပြည်ကြီးကို ဆွဲတင်နေစဉ် ကျဆုံးခဲ့သည်။ ထိုပုဂ္ဂိုလ်၏ ကျေးဇူးတရားကို လူတိုင်း အထူးတလည် အောက်မေ့သတိရ နေကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဝန်ကြီးချုပ်သည် ကိုအောင်ဆန်းကြောင့် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ကာ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွင် သခင်နု ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကြောင့် နိုင်ငံရေးထဲသို့ ဝင်ရောက်လာပြီး ဖဆပလ အဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဦးအောင်ဆန်းကြောင့် တိုင်းပြုပြည်ပြု လွှတ်တော်၏ နာယက ဖြစ်လာခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သို့သော် ဝန်ကြီးချုပ် အနား ထိုသူကား မရှိတော့။

(ဆက်လက်ဖော်ပြပါမည်)
Credit To The Voice Weekly